အဝေးမှုန်တာက အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အဝေးမှုန်တာက ကလေးအရွယ်မှာကတည်းက စဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ အဝေးမှုန်တာက အကြောင်းအရင်းမရှိဘဲ မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ မိဘနှစ်ပါးက အဝေးမှုန်လို့ ကလေးမှာပါ အဝေးမှုန်ဖြစ်တာမျိုးပေါ့။
အဝေးမှုန်တာက အသက် ၆ နှစ် နဲ့ ၁၄ နှစ်ကြား အရွယ်မှာ စဖြစ်နိုင်ပြီး အသက် ၂၀ အစောပိုင်း ကာလတွေမှာ ပိုပြင်းထန်လာနိုင်ပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ မျက်လုံးအရွယ်အစားပြောင်းလဲလာတာကြောင့် မျက်စိမှန်ဘီလူးကနေ ပုံရိပ်ကို ဖမ်းတာ ပုံမှန်မဟုတ်တော့ကြောင့်ပါ။
မျက်လုံးကို အာရုံစိုက်ပြီး အနီးကပ် အနုစိတ် လုပ်ရတဲ့ အလုပ်တွေက အချိန် ကြာလာတာနဲ့ အမျှ အမြင်အာရုံကို ဝန်ပိစေပြီး အဝေးမှုန်တာမျိုး ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုအရာမျိုးတွေ ပါလဲဆိုတော့ ကွန်ပျူတာကို အနီးကပ်ကြည့်တာ၊ စာအုပ်နဲ့ မျက်လုံးနဲ့ ကပ်ဖတ်တာ၊ အလင်းရောင်ကောင်းကောင်း မရတဲ့ နေရာမှာ စာဖတ်တာ၊ စခရင်မ်တိုင်းမ် များတာ စတာတွေပါ။
ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့အခါ အားပါပြီး ကျွန်ပျူတာနဲ့ မျက်လုံးနဲ့ နီးနီးလာတတ်ပါတယ်။ သတိထားမိပြီဆိုတာနဲ့ ခွာလိုက်ပါ။
စာဖတ်ရင်လည်း အဲ့လိုပါပဲ။ အလင်းရောင် ကောင်းကောင်း မရတဲ့နေရာမှာ ဖတ်ရင် ပိုမြင်ရအောင် မျက်လုံးကို အားစိုက်ပြီးကြည့်တာ၊ စာအုပ်နားကို ကပ်ပြီး ဖတ်တာတွေ လုပ်မိတတ်ပါတယ်။ ဒါကြောင့် အလင်းရောင် သေချာရတဲ့နေရာမှာ စာဖတ်ပါ။
တစ်နေ့တာရဲ့ အချိန် တော်တော်များများကို ဖုန်းကြည့်ရင်း ကွန်ပျူတာ ကြည့်ရင်း ကုန်ဆုံးနေမယ်ဆိုရင်တော့ စခရင်မ်တိုင်းများနေတာဖြစ်ပြီး ရေရှည်မှာ အဝေးမှုန်တာကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် လူတွေက ဖုန်းကြည့်တယ်ဆိုရင် စခရင်မ်နဲ့ နီးနီးကြည့်မိတာ၊ မနားတမ်းကြည့်မိတာကြောင့် မျက်လုံးကို ဖိအားပေးသလို ဖြစ်စေလို့ပါ။
အဝေးမှုန်ခြင်းက တစ်ခါတလေမှာ အမွေဆက်ခံ ရရှိခြင်းပါ။ မိဘဘိုးဘွားတွေမှာ အဝေးမှုန်ဖူးမယ်ဆိုရင် ကိုယ်တိုင်မှာလည်း အဝေးမှုန်နိုင်ပါတယ်။
- ပြင်ပ အလင်းရောင်နဲ့ ထိတွေ့မှု နည်းတာ
ပြင်ပ အလင်းရောင်နဲ့ ထိတွေ့ချိန် နည်းပြီး တစ်ချိန်လုံး အိမ်တွင်းအောင်းနေတာ၊ အလင်းရောင် မဝင်တဲ့ အခန်းအောင်း နေထိုင်ခြင်းတွေကလည်း အဝေးမှုန်စေနိုင်ပါတယ်။ ဒါက ကလေးတွေအတွက် ပိုပြီးအရေးကြီးပါတယ်။ ကလေးတွေကို ဖုန်းသုံးတာလျှော့၊ အိမ်ပြင်ထွက်ပြီး ပေးဆော့ပါ။ ဒါက အဝေးမှုန်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။