သတင်း

ဟင်္သာတမြို့နယ်သမဝါယမအသင်းစုလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

2024-08-13

ဟင်္သာတ သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်သမဝါယမအသင်းစုလီမိတက် ၂၀၂၃_၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ်လ ၉ ရက်က အဆိုပါအသင်းစုလီမိတက်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ အခြေခံ သမဝါယမအသင်းများ၏ ဥက္ကဋ္ဌ၊ ဒါရိုက်တာ၊ အဖွဲ့ဝင်များနှင့် ဖိတ်ကြား​ထားသောဧည့်သည်တော်များ စုစုပေါင်း ၁၈၈ ဦးတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် အသင်းစုဥက္ကဋ္ဌ ဦးသန်းလှိုင်က ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးကလည်းကောင်း၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်အေးတို့က အသီးသီးအမှာစကားများပြောကြားခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ ၂၀၂၃_၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ရှင်းတမ်းနှင့် အသင်းစာရင်းစစ်အစီရင်ခံစာတို့အား တာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်ပြခဲ့ပြီး လစ်လပ်လျက်ရှိသောအမှုဆောင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးနေရာ အား ​အခြေခံသမဝါယမအသင်းသားများက အများဆန္ဒဖြင့် အစားထိုးရွေးချယ်တင်မြှောက်ခဲ့ ကြသည်။ ထို့နောက် သဘာပတိ ဦးဆောင်၍ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အကျိုးငွေခွဲဝေပေးခြင်းတို့အား တက်ရောက်လာကြ သော အသင်းသားများထံမှ အတည်ပြုချက်ရယူ​ခြင်းများ ဆောင်ရွက်ခဲ့​ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience