သတင်း
ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
2026-04-27
ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
နေပြည်တော် ဧပြီ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ရည်ရွယ်ချက်၊ ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက ကော်မတီရွေးချယ်ဖွဲ့စည်းရာတွင် လိုက်နာရမည့်အချက်များ၊ ကော်မတီဝင်များ၏ တာဝန်ဝတ္တရားများ၊ ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒနှင့်အညီ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ခုနှစ်ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးကိုကိုက ပြောပြ၍ သိရသည်။
နော်လူး