သတင်း
ကြို့ပင်ကောက်မြို့နယ်၌ ဘုရားကြီးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဒသမအကြိမ်ပြန်လည်ထုတ်ချေး
2026-04-22
ကြို့ပင်ကောက်မြို့နယ်၌ ဘုရားကြီးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဒသမအကြိမ်ပြန်လည်ထုတ်ချေး
ကြို့ပင်ကောက် ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ဘုရားကြီးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒသမအကြိမ်ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးလွင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိသားစုစားဝတ်နေရေးအခက်အခဲများ လျော့နည်းစေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းရန်ပုံငွေကျပ် ၅၅၃ သိန်းအား လွှဲပြောင်းပေးအပ်ပါသည်။
ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဘုရားကြီးကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်း ဒသမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၇ ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ သုံးဦး၊ အသက်မွေးဝမ်းကျောင်းစက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦး စုစုပေါင်း အသင်းသား ၆၁ ဦးအတွက် စီမံကိန်းလည်ပတ်ရန်ပုံငွေကျပ် ၅၅၃ သိန်းကို နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးလွင်ထံမှ သိရသည်။