သတင်း

သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်းကျောင်း (မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)ဖွင့်လှစ်

2026-03-14

မကွေး မတ် ၁၃

မကွေးတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်း(မကွေး)တွင် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)သင်တန်းဖွင့်ပွဲအား သင်တန်းကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီး  ဦးစီးမှူးနှင့် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှတာဝန်ရှိသူများနှင့် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)မှ ဆရာ/ဆရာမများ၊ သင်တန်းသား/ သူများတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ထွန်းမှ အဖွင့်အမှာစကားပြောကြား၍ သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်းကျောင်း(မကွေး) ကျောင်းအုပ်ကြီး ဒေါ်စန္ဒာထွန်းက သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်နှင့် သင်တန်းအစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း)အား တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်သမဝါယမဦးစီးဌာနအသီးသီးမှ ရုံးအကူဝန်ထမ်းများ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးရုံးနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သင်တန်းကျောင်း(မကွေး)တို့မှ ရုံးအကူဝန်ထမ်း စုစုပေါင်း(၄၀)ဦးအား အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း ကာလမှာ မတ်လ (၁၀) ရက်မှ (၂၃) ရက်နေ့အထိဖွင့် လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience