သတင်း
ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး
2025-09-14
ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး
ပဲခူး အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကဝမြို့နယ်၊ မကျက်ကြီးကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း( RBF)လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရန်မျိုးနိုင်၊ ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများ၊ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မကျက်ကြီးကျေးရွာ၌ စီမံကိန်းလုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ငွေစာရင်းပုံစံများစနစ်တကျ ဖြည့်သွင်းထားခြင်းရှိ/ မရှိနှင့်စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကိုကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
အဆိုပါ မကျက်ကြီးကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်းကို ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အသားတိုးနွားမွေးမြူရေးလုပ်ငန်းအစုအဖွဲ့ လေးဖွဲ့မှ အသင်းသား (၂၀)ဦးကို ငွေကျပ် ၃၀၀ သိန်း ထုတ်ချေးပေးပြီးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်းချေးငွေများကို ကျေးရွာရှိ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးရန်မျိုးနိုင်ထံမှ သိရသည်။