သတင်း

ပုဗ္ဗသီရိမြို့နယ် ကြံဖိုစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

2025-09-15

ပုဗ္ဗသီရိမြို့နယ် ကြံဖိုစုကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

*****************************************************************************

နေပြည်တော်    စက်တင်ဘာ  ၁၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ရွာတော်ကျေးရွာအုပ်စု၊ ကြံဖိုစုကျေးရွာ၌ ဒုတိယအကြိမ် စီမံကိန်းရန်ပုံငွေထုတ်ချေးခြင်းကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ရန်ပုံငွေများထုတ်ချေးပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ပုံငွေကျပ် ၂၉ ဒသမ ၄သန်း ကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်သည်၊၊

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကြံဖိုစုကျေးရွာရှိ စိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်သူ ၅၈ဦးကို ငွေကျပ် ၂၂ ဒသမ ၀၅သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀ဦး ကို ငွေကျပ် ၃ ဒသမ ၂သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၃ဦးကို ငွေကျပ် ၃ ဒသမ ၉သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကို ငွေကျပ် ၀ ဒသမ ၂၅သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၈၂ဦးကို  မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ် ၂၉ ဒသမ ၄သန်းကို တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊၊

နော်လူး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience