သတင်း
ရမည်းသင်းမြို့နယ် စီပင်ကျေးရွာ၌ VDP စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး
2025-08-18
ရမည်းသင်းမြို့နယ် စီပင်ကျေးရွာ၌ VDP စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး
ရမည်းသင်း ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီပင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဆိုလာတပ်ဆင်ခြင်းနှင့် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ စကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဆိုလာတပ်ဆင်ခြင်းနှင့် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များဖြည့်စွက် မှာကြားပါသည်။
အဆိုပါ စီပင်ကျေးရွာ အရှည်ပေ ၆၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဆိုလာ ၃ ဒသမ ၃ ကီလိုဝပ်တပ်ဆင်ခြင်းနှင့် ကျေးရွာတွင်း လမ်းဘေးဝဲ/ယာ အရှည်ပေ ၁၆၀ အကျယ် ၁ ပေ အနက် တစ်ပေ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၁၅ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၆၅ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဇွန်လဒုတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးဖြစ်ကြောင်းသိရသည်။
သန်းလွင်(မကွေး)