သတင်း

စဉ့်ကိုင်မြို့နယ် ပညာ့တံခွန် ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

2025-08-05

စဉ့်ကိုင် ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ပညာ့တံခွန် ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို အ.ထ.က(စဉ့်ကိုင်)ကျောင်းရှိ သဇင်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပညာ့တံခွန်ငွေစုငွေချေးသမဝါယမအသင်း သဘာပတိ ဦးခင်‌မောင်သိန်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူတို့က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် သမဝါယမအသင်း၏ အသင်းသား စာရင်းစစ်တစ်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွင်း ဘဏ္ဍာရေးရှင်းတမ်းအပေါ် တွေ့ရှိချက်၊ သုံးသပ်ချက်များကို ဖတ်ကြားရှင်းလင်း ခဲ့သည်။ ဆက်လက်ပြီး အမှုဆောင်ဒါရိုက်တာတစ်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်း ခဲ့ပြီး တက်ရောက်လာသော သမဝါယမအသင်းသား၊ ကျောင်းသူများက တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။ ၎င်းနောက် ပညာ့တံခွန်ငွေစုငွေချေးသမဝါယမအသင်း သဘာပတိကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို အတည်ပြုကြေညာပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ပညာ့တံခွန်ငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသား၊ ကျောင်းသူများ၏ သား/သမီး(၉)ဦး အား ပညာ့တံခွန်ငွေစုငွေချေးသမဝါယမအသင်း သဘာပတိ ဦးခင်မောင်သိန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူတို့က ပညာရည်ချွန် ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ကျော်စွာ (စဉ့်ကိုင်)

မန္တလေးတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience