ပူတာအိုမြို့နယ်၌ ကျေးရွာချင်းဆက်ကြိုးတံတား ရာနှုန်းပြည့်ပြီးစီး
2025-08-05
ပူတာအို ဩဂုတ် ၄
ပူတာအိုခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောင်ရွက်သည့် ပူတာအိုမြို့နယ် ဝါးဆားကျေးရွာနှင့် လုံမူ ဒမ်း-၂ ကျေးရွာချင်း ဆက်သွယ်ထားသော လမ်းပေါ်ရှိ နမ့်ပလန့် ချောင်းကူးကြိုးတံတား တည်ဆောက်ရေးလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ခရိုင် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးအဖွဲ့က ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပူတာအိုမြို့နယ် ဝါးဆားကျေးရွာနှင့် လုံမူဒမ်း-၂ ကျေးရွာချင်း ဆက်သွယ်ထားသော လမ်းပေါ်ရှိ နမ့်ပလန့် ချောင်းကူး ကြိုးတံတား အရှည်ပေ ၂၀၀၊ အကျယ် ခြောက်ပေ ချောင်းကူးကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း ၈၉ ဒသမ ၅၂၂ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အဆိုပါကြိုးတံတားအား ဇွန် ၁၉ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၃၀ ရက်တွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့သည်။
ဖုန်ကန်(ပူတာအို)