သတင်း
ကော့သောင်းမြို့နယ် ဘန်ကချွန်ကျေးရွာ၌ လက်တူးတွင်းတူးဖော်ခြင်းနှင့် ဆက်စက်လုပ်ငန်းများဆောင်ရွက်နေမှု ကွင်ဆင်းစစ်ဆေး
2025-08-14
ကော့သောင်းမြို့နယ် ဘန်ကချွန်ကျေးရွာ၌ လက်တူးတွင်းတူးဖော်ခြင်းနှင့် ဆက်စက်လုပ်ငန်းများဆောင်ရွက်နေမှု ကွင်ဆင်းစစ်ဆေး
ကော့သောင်း ဩဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့သောင်းမြို့နယ်၊ ဘန်ကချွန်ကျေးရွာ၌ ၂၀၂၅- ၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေရရှိရေး လက်တူးတွင်း တူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာ ရေပေးရေးကော်မတီဝင်များနှင့်အတူ ဘန်ကချွန်ကျေးရွာ ကျေးလက်ရေရရှိရေး လက်တူးတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားပါသည်။
ဘန်ကချွန်ကျေးရွာ ရေရရှိရေး ခြောက်ပေအကျယ် အနက် ၃၅ ပေရှိ လက်တူးတွင်းတူးဖော်ခြင်း၊ အမိုးနှင့်ပလက်ဖောင်းပြုလုပ်ခြင်း၊ ရေသန့်စင်စနစ်တပ်ဆင်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၁ ဒသမ ၉ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ ဇူလိုင်လ ပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအား ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ ရေရရှိရေး လုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာနေပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် ရာသီမရွေး သောက်သုံးရေများအဆင်ပြေသွားမှာဖြစ်ကြောင်း ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဝင်းထံမှ သိရသည်။
ကျော်ဦး