သမဝါယမကောလိပ် (မန္တလေး) ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် Year- End Student Activity Showcase အခမ်းအနားကျင်းပ
2025-08-13
မန္တလေး ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ ရှိ သမဝါယမကောလိပ်(မန္တလေး)၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် Year- End Student Activity Showcase အခမ်းအနားကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကောလိပ်ရှိ ရန်ကင်း ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခဌာနမှူးများ၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင် များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ လုပ်ငန်းရှင်တစ်ဦးက လုပ်ငန်းလုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် သမဝါယမကောလိပ်(မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေးက အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တန်းခွဲ ၇ ခု အနက် အမြတ်ရာခိုင်နှုန်း အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများမှ ဝယ်ရောင်းလုပ်ငန်း၏ စာရင်းဇယား များကို စာတွေ့လက်တွေ့ချိတ်ဆက်၍ စာတန်းဖတ် တင်ပြခြင်း အစီအစဉ်များအပြီးတွင် ကျောင်းသား၊ကျောင်းသူများက တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)