သတင်း

ရေနံချောင်းမြို့နယ် သဖန်းချောင်းကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး

2025-08-05

ရေနံချောင်းမြို့နယ် သဖန်းချောင်းကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး

****************************************************************************

ရေနံချောင်း     ဩဂုတ်      ၅

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် သဖန်းချောင်းကျေးရွာအုပ်စု၊ သဖန်းချောင်းကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းဝင်း၊ ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းနှင့် ဝန်ထမ်းများက သဖန်းချောင်းကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေများကို  ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းဝင်းက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

သဖန်းချောင်းကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် ခုနှစ်ဖာလုံ၊ အကျယ် ၁၂ပေ ၊ အမြင့် တစ်ပေ ကိုးလက်မရှိ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်သန်း ၇၀ အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကတာဝန်ယူ၍ ယခုနှစ် ဇွန်လ ၈ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလမ်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၄၀၊ လူဦးရေ ၆၄၀ဦးနှင့် လယ်ယာဧက ၁၆၀မှထွက်ရှိသည့် ဒေသထွက်ကုန်များ ဈေးကွက်သို့ အလွယ်တကူတင်ပို့ရောင်းချနိုင်ပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

နော်လူး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience