မိုင်းကိုင်မြို့နယ်၊ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းကြပ်မတ်
2025-07-15
မိုင်းကိုင် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ သမဝါယမအသင်းသားများ၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေများကို ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်မှူး၊ သမဝါယမ အသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းများမှ တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းမှုတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်မှူး ဦးကျော်မိုးတင့်၊ သမဝါယမအသင်းစုချုပ်ဒုတိယဥက္ကဋ္ဌ ဦးဖေသိန်းနှင့်အဖွဲ့သည် ဆင်ခြေဖုန်းမြောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၉၊ တောင်သူဦးဝိမလ ပိုင်လယ်မြေဧက ၆ ဧကတွင် DU-12 စပါးမျိုးများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
မိုင်းကိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း မိုးစပါးစီမံကိန်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး နှင့် မိုးစပါးစီမံကိန်းပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သမဝါယမအသင်းများမှစုပေါင်း၍ ရွှေလွယ် လိုင်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၊ ရွက်သစ်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်၊ ဆင်ခြေဖုန်းမြောက်စိုက်ပျိုးရေးနှင့်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်တို့မှ သမဝါယမအသင်းသားတောင်သူ ၄၀ ဦး၊ လယ်မြေဧက ၂၁၄ ဧကအတွက် သွင်းအားစုတန်ဖိုး စုစုပေါင်း ငွေကျပ် ၄၂၈ သိန်းကို ပံ့ပိုးထားကြောင်း သိရသည်။
ချော(မိုင်းကိုင်)