သတင်း

ကံမမြို့နယ်အတွင်း ကျေးရွာချင်းဆက် လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

2024-08-12

           မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စစ္စရံ-ပေပင် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် အလယ်-ကဒူးပြင်လမ်းပေါ်၌ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ်လ ၉ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ်(မြို့ပြ)နှင့်အတူ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးစီးအရာရှိ(မြို့ပြ)၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ(ရုံးချုပ်) QC နှင့် တာဝန်ရှိသူများလိုက်ပါပြီး စစ္စရံ- ပေပင် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် အလယ်-ကဒူးပြင်လမ်းပေါ်၌ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

            အဆိုပါ စစ္စရံ-ပေပင် ကျေးရွာချင်း ဆက်လမ်း အရှည် ၇ ဖာလုံ၊ အကျယ် ၁၂ ပေ ကတ္တရာခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရခွင့်ပြုငွေ ငွေကျပ် ၃၂၂ ဒသမ ၄၃၇ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အလယ်-ကဒူးပြင်လမ်းပေါ်၌ အရှည် ပေ ၆၀ ရှိ သံကူကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး အစိုးရခွင့်ပြုငွေ ငွေကျပ် ၂၆၀ ဒသမ ၅၅ သန်းဖြင့် Phyo Thiri Kyaw ကုမ္ပဏီက လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           ယင်းလုပ်ငန်းအားလုံး ပြီးစီးပါက ကျေးရွာ ၁၁ ရွာရှိ အိမ်ခြေ ၁၅၂၃ အိမ် လူဦးရေ ၅၈၀၂ ဦးတို့၏ လူနေမှုဘဝများ ယခင်ကထက် ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။

ကိုလှိုင်

အခြားသတင်းများ
DRD Smart Village
Install App for Better Experience