သတင်း
မိုင်းဖြတ်မြို့နယ်၊ နမ့်လန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
2025-07-15
မိုင်းဖြတ်မြို့နယ်၊ နမ့်လန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
မိုင်းဖြတ် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နမ့်လန်းကျေးရွာအုပ်စု၊ နမ့်လန်းကျေးရွာ၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျှော့ချစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၃၇၀ သိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ဇူလိုင် ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်နှင့် တာဝန်ရှိသူများက နမ့်လန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့် လလစဉ်ဖြည့်သွင်းရမည့် စာရင်းဇယားများ စနစ်တကျဖြည့်သွင်းထားမှုနှင့် စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။
နမ့်လန်းကျေးရွာတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်က မြစိမ်းရောင်ကျေးရွာစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ သတ္တမအကြိမ်မြောက်အဖြစ် အသင်းသူ၊အသင်းသား ၁၆ ဦး ထံသို့ ငွေတစ်ရာကျပ်လျှင် အတိုးနှုန်းပြား ၅၀ ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် ၃၇၀ သိန်း ထုတ်ချေးထားရှိပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မေလွင်ထံမှ သိရသည်။
ဇင်မာ