နမ့်စန်တွင် ခေတ်သစ်ရောင်းဝယ်ရေး သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
2025-07-14
နမ့်စန်(တ) ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခေတ်သစ်ရောင်းဝယ်ရေး သမဝါယမ အသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးအောင်ဆယ်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုက အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြကာ အသင်းသား များ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် ခေတ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်းမှ တာဝန်ရှိသူများက အသင်းသား ၂၀၈ ဦး၏ အစုပေါ်အမြတ်ငွေ စုစုပေါင်း (၂,၀၈၀,၀၀၀) ကျပ်ကို စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ပြီး အသင်း၏အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)