သတင်း

မင်းဘူးမြို့နယ် ကြီးပင်ကန်(ရှေ့) ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး

2025-07-08

မင်းဘူးမြို့နယ် ကြီးပင်ကန်(ရှေ့) ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး 

 
မင်းဘူး ဇူလိုင် ၈
 
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကြီးပင်ကန် (ရှေ့) ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 
 
          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုနှင့်  တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကြီးပင်ကန် (ရှေ့) ကျေးရွာ ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီအရည်အသွေး ပြည့်မီစေရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
 
         ‌အဆိုပါ  ကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည် ပေ ၃၂၀ ၊ အကျယ် ၁၅ ပေ၊ အမြင့် ခြောက်လက်မကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀ ၊ပြည်သူထည့်ဝင်ငွေ ၅၀ သိန်း၊ စုစုပေါင်း ရန်ပုံငွေ ၂၀၀ သိန်း အသုံးပြုကာ  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက  နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်  ယခုနှစ် ဇွန် လ ၂၈  ရက် က   စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းဆောင်ရွက်မှုမှာ ၉၀  ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို ထံမှ သိရသည်။ 
 
ဇင်မာ
 

အခြားသတင်းများ
DRD Smart Village
Install App for Better Experience