သတင်း

သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါး(အထွက်တိုးမျိုး)စိုက်ပျိုးနေမှုအား တာဝန်ရှိများမှ ကြည့်ရှုအားပေး

2025-06-26

ကန်ကြီးထောင့် ဇွန် ၂၆

သမဝါယမဦးစီးဌာနအနေဖြင့်  စီမံကိန်းသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေးနှင့်ပန်းတိုင် အထွက်နှုန်းရရှိရေးကိုစဉ်ဆက်မပြတ် ကွင်းဆင်းကြီးကြပ်လျက်ရှိရာ ကန်ကြီးထောင့် မြို့နယ် အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၏မိုးစပါး(အထွက်တိုးမျိုး) စိုက်ပျိုးနေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေး၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်မှ တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့နယ်၊ ပျဉ်းမငူကျေးရွာအုပ်စု၊ ပျဉ်းမငူ ကျေးရွာ၊ ရတနာဝင်းအထွေထွေသမဝါယမအသင်းမှ အသင်းသားဦးဌေးလွင်၏ လယ်မြေ(၁၅) ဧကနှင့် သဘော့ငူကျေးရွာအုပ်စု၊ သဘော့ငူကျေးရွာ၊ သဘော့ငူ အထွေထွေသမဝါယမအသင်းမှ အသင်းသားဦးမင်းမင်းထွန်း၏ လယ်မြေ(၁၂)ဧကတို့တွင် အထွက်တိုးစပါးမျိုးဖြစ်သည့် အောင်နိုင်တိုးစပါးမျိုးအား မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးနေမှုအခြေအနေ များအား ကြည့်ရှုအားပေးခဲ့ကြပြီး ညွှန်ကြားရေးမှူးမှ သွင်းအားစုများ အချိန်မီဖြန့်ဖြူးနိုင်ရေး အလေးထား ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယခင်နှစ်စိုက်ပျိုးမှုမှ ဝင်ငွေရရှိမှု၊ ကုန်ကျစရိတ်နှင့် အမြတ်ရရှိမှုအခြေအနေနှင့် ယခုနှစ်မျိုးပြောင်းလဲစိုက်ပျိုးမှုမှ ဝင်ငွေရရှိမှု၊ ကုန်ကျစရိတ်နှင့် အမြတ်ရရှိမှုအခြေအနေကွာခြားမှုတို့အား မှတ်တမ်းရေးသွင်းထားရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်မှုရှိသည်များကို သမဝါယမဦးစီးဌာနမှ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း မှာကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကန်ကြီးထောင့်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကန်ကြီးထောင့်မြို့နယ်၊ သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး

အခြားသတင်းများ
DRD Smart Village
Install App for Better Experience