သတင်း
ပွင့်ဖြူ မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဆင်းပွဲကျင်းပ
2025-06-24
ပွင့်ဖြူ မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဆင်းပွဲကျင်းပ
ပွင့်ဖြူ ဇွန် ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်စေရန်နှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ကိုယ်ပိုင်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၃ ရက်က လက်ခုပ် ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလင်းလင်းအောင်မှ သင်တန်းအမှာစကားပြောကြားပြီး ပွင့်ဖြူ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က သင်တန်းသားများအနေဖြင့် သင်တန်းမှ ရရှိသော အတတ်ပညာများကို ပြန်လည်အသုံးချစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးအခက်အခဲရှိပါက မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ ပံ့ပိုးမှုအကူအညီရယူနိုင်ကြောင်း၊ မိမိတို့ တက်မြောက်ထားသော ပညာရပ်များဖြင့် လုပ်ငန်းများဆောင်ရွက်ရာ၌ နားမလည်မှုများရှိခဲ့လျှင် သင်တန်းနည်းပြ ဆရာများကို ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် တာဝန်ရှိသူများက ထူးချွန်သင်တန်းသားများအား ဆုချီးမြှင့်ပြီး၊ သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များအား သင်တန်းသားများထံသို့ ပေးအပ်သည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၄၅ ရက်ကြာ စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်ထံမှ သိရသည်။
ဇင်မာ