မြိတ်မြို့၌ မိုးစပါး စိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ(၁)ဧကအထွက်နှုန်းတိုးစေရန် ကျပ်သန်း (၃၁၄.၈) နှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲ ကျင်းပ
2025-06-17
မြိတ် ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ) မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၁၅၇၄) အတွက် (၁)ဧက အထွက်နှုန်းတိုးစေရန် သမဝါယမအသင်းသားတောင်သူများအား ကျပ်သန်း(၃၁၄.၈) နှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲကို ယမန်နေ့လယ်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
မျိုးစပါး၊ သွင်းအားစုပေးအပ်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးက မျိုးစပါး သွင်းအားစုများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်သမဝါယမ အသင်းစုဒု-ဥက္ကဋ္ဌ ဦးထွန်းမင်းက သမဝါယမအသင်းသား၊ တောင်သူများ၏ မိုးစပါးစိုက်ပျိုး ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း(၆)သင်း မှ အသင်းသားတောင်သူ(၁၅၃)ဦး၏ မိုးစပါးစိုက်ပျိုးဧက(၁၅၇၄)အတွက် ကျပ်သန်း(၃၁၄.၈)နှင့် ညီမျှ သောမျိုးစပါး(၂၇၇၂)တင်း၊ သဘာဝဓာတ်မြေဩဇာ(၅၄၇)အိတ်၊ ပုလဲဓာတ်မြေဩဇာ(၂၄၄)အိတ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ(၃၅၈)အိတ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ က အသင်းသားတောင်သူများအား အသီးသီး ပေးအပ်ကြရာ အသင်းသားတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)