ဆီထွက်သီးနှံ ရေဆင်းစပ်မျိုး(၁) ဆောင်းနေကြာ စိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
2025-02-24
မြစ်သား ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်ရွက် သည့် ဆောင်းနေကြာဆီထွက်သီးနှံစိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေး၊ အထွက်နှုန်းကောင်း စေရေးနှင့် ဝင်ငွေတိုးစေရေးရည်ရွယ်၍ ရွှေကုန်းကျေးရွာရှိ ရွှေကုန်း စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း အသင်းသားတောင်သူ ဦးလှထွန်း ကွင်းအမှတ် (၄၉၇) က၊ ဦးပိုင်အမှတ် (၁၂/၁၀၁)ရှိ စိုက်ဧက(၃.၀၀)ဧကတွင် ရေဆင်းစပ်မျိုး(၁)မျိုး ဆောင်းနေကြာသီးညှပ်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေး က တောင်သူဦးကြီးများကို သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ လေ့လာကျင့်သုံး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ကြောင်း သို့မှသာ စိုက်ပျိုးသည့် သီးနှံတစ်ဧကအထွက်နှုန်းတိုးပြီး ဝင်ငွေတိုးတက်ရရှိမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုး၊ မြေ၊ ရေနည်း(၄)မျိုးကို ဟန်ချက်ညီညီဆောင်ရွက်သွားရန်လိုကြောင်းရှင်း လင်းပြောကြားခဲ့သည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသားတောင်သူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)