သတင်း

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဖြူးနှင့် ညောင်လေးပင်မြို့နယ်များရှိ စိုက်ပျိုးရေးသမဝါယမအသင်းများနှင့်တွေ့ဆုံ

2024-08-28

နေပြည်တော် ဩဂုတ် ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသင်းပိုင်လယ်ယာများတွင် မိုးစပါးစိုက်ဧက (၅၀၀) ဧကမှ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧက (၂၅၀) တွင် ဆင်းသုခနှင့် GW-11 စပါးမျိုးများ  မျိုးစပါးထုတ်လုပ်နေမှုကို အောင်မြင်အောင် ဆောင်ရွက်ကြရေး၊ အသင်းပိုင်ဆန်စက်အား စွမ်းအားပြည့် ကြိတ်ခွဲလည်ပတ်နိုင်ရေး၊ ဒေသနွားမွေးမြူရေးလုပ်ငန်းကို ဆက်လက်တိုးချဲ့မွေးမြူ သွားရေး ဆွေးနွေးမှာကြားသည်။

ထို့အတူ ညောင်လေးပင်မြို့နယ် ရဲနွယ် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ မိုးစပါး စိုက်ဧက (၄၄၉) ဧက စိုက်ပျိုးနေကြသော အသင်းသားတောင်သူများနှင့်တွေ့ဆုံပြီး နွေစပါးစိုက်ပျိုးရေး အတွက် အောင်ရေရသောနေရာဖြစ်၍ ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးစားလုပ်ကိုင်ကြရေး၊ ဆီထွက်သီးနှံ နေကြာ၊ မြေပဲနှင့် နှမ်းတို့ကိုပါ သီးထပ်အဖြစ် စိုက်ပျိုးကြရေး တိုက်တွန်းမှာကြားသည်။

ယင်းနောက် သမဝါယမအသင်းများမှ ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် အသင်းသားများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများက ယုံကြည်အားထားရသော ကုန်ထုတ်၊ ကုန်သွယ် သမဝါယမအသင်းများဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience