သတင်း

တညင်းပင်စိုက်ပျိုးနည်း

2024-05-29

မြန်မာအမည်- တညင်း

အင်္ဂလိပ်အမည်- DJENKOL BEAN

ရုက္ခဗေဒအမည်- Pithe cellobium labatum

မျိုးရင်းအမည်- MIMOSACEAE

တညင်းမျိုးများ

အသီးအရွယ်အစားကိုလိုက်၍

၁။ တညင်းကြီး

၂။ စာကလေးတညင်း ဟူ၍ လည်းကောင်း

ဒေသကိုလိုက်၍

၁။ မြေပြန့်တညင်း ( မြောင်းမြတညင်း၊ ပေါင်တညင်း)

၂။ တောင်ပေါ်တညင်း (ကျေးတောင်တညင်း၊ မြစ်ကြီးနား၊ နောင်ချိုတညင်း) ဟူ၍လည်းကောင်း ခွဲခြားထားသည်။

စိုက်ပျိုးသည့်ဒေသများ

ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (နောင်ချို)၊ မန္တလေးတိုင်း (ပြင်ဦးလွင်) တို့တွင်စိုက်ပျိုးသည်။

 ရေမြေရာသီဥတု

အောက်ခံဂဝံမြေနှင့် သဲနုန်းမြေတို့သည် တညင်းပင်အတွက် အသင့်တော်ဆုံးဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုနှင့် အပူချိန်ကွာခြားမှုရှိသော ရာသီဥတုကိုနှစ်သက်သည်။ မိုးရေချိန် ၁၀၀-၂၀၀ လက်မအတွင်း စိုက်ပျိုးဖြစ်ထွန်းသည်။

 မြေပြုပြင်ခြင်း

မြေကို အထူးထွန်ယက်ရန် မလိုအပ်ပေ။ စိုက်ကျင်းကို ၄ပေပတ်လည် သို့မဟုတ် ၅ပေပတ်လည် တူးကာ ကျင်းထဲသို့ အပေါ်ယံမြေ၊ သဲ၊ နွားချေးနှင့် သဘာဝမြေဩဇာတို့ကို ဆတူရော၍ ဖို့ပေးရပါမည်။

ပျိုးထောင်နည်း

တညင်းသီးအရင့်များကို အရိပ်အောက်တွင် တစ်လခန့်ဖြတ်ထားပြီး သဲနှင့်နွားချေး ၃း၁ ရောထားသော ပျိုးဘောင်ကို ရေဝအောင်လောင်းပြီး တညင်းသီးများကို စီရီချထားခြင်းဖြင့် အစို့ထွက်လာပါသည်။ အစို့ထွက်သည်အထိ ရေဝအောင်လောင်းပေးရပါမည်။ အချို့က ရေစပ်စပ်စိမ်ပြီး တညင်းဝက်ဖြစ်မှ ဘောင်ချစိုက်လေ့ရှိကြသည်။

 

စိုက်ပျိုးနည်း

တညင်းပင်သည် အထနှေးသောကြောင့် လေး_ ငါးနှစ်စောင့်ရခြင်း၊ ရွက်အုပ်ထူလွန်းသဖြင့် အပင်ကြီးလာပါက ကြားသီးနှံစိုက်ရန်ခက်သဖြင့် သီးညှပ်ဖြစ်စေ၊ အရိပ်အပင်အဖြစ် ဖြစ်စေ စိုက်လေ့ရှိပါသည်။

သီးသန့်စိုက်ရမည်ဆိုပါက ၃၀ x ၃၀ ပေထားပြီး နှစ်တိုးသီးပင်များဖြင့် ရောစိုက်က တစ်ဧက ၄၈ ပင်ထားသင့်ပါသည်။

ဓာတ်မြေဩဇာကျွေးခြင်း

သဘာဝမြေဩဇာကို အနှစ်သက်ဆုံးဖြစ်ကာ အပင်ငယ်လျှင် သစ်ရွက်ဆွေးနှင့် နွားချေး တစ်ပင်လျှင် နှစ်တင်းနှုန်း၊ အခြားသဘာဝဓာတ်မြေဩဇာ တင်းဝက်ခန့်ထပ်ထည့်ပေးသင့်သည်။ အပင်ကြီးလာသည်နှင့် မြေဩဇာကို ၅-၁၀ ဆတိုးပေးသင့်ပါသည်။

အပင်ပြုစုနည်း

တညင်းပင်၏ ကိုင်းခြောက်ကိုင်းနား ကိုင်းညှပ်များကို ဖြတ်ပေးသင့်သော်လည်း တညင်းပင်သည် သရက်ပင်ကဲ့သို့ ကိုင်းဖျားတွင် အညွန့်နှင့်အတူ  အဖူးဖူးကာ သီးလေ့ရှိသဖြင့် မလိုအပ်ဘဲ ခုတ်ထွင်ဖြတ်တောက်ခြင်းမပြုသင့်ပါ။ မိုးရာသီတွင် ပင်ခြေကိုရှင်းကာ နွေရာသီတွင် အစိုဓာတ်ရရန် မြက်ခြောက်များအုပ်ပေးသင့်သည်။

အထွက်နှုန်း

တညင်းသီးအပင်မှ တစ်ပင်လျှင် အသီး ၃၀၀၀ မှ ၅၀၀၀အထိသီးနိုင်ပါသည်။

အခြားသတင်းများ
DRD Smart Village
Install App for Better Experience