သတင်း

ကြက်သွန်ဖြူစိုက်ပျိုးနည်း

2023-01-06

ကြက်သွန်ဖြူမျိုးများ

ရှမ်းမျိုး(အခွံဖြူ)

ဥအရွယ်အစားမှာတရုတ်မျိုးထက်အနည်းငယ်အမွှာသေးပြီးအခွံအဖြူရောင်မျိုးဖြစ်ပါသည်။

ရှမ်းမျိုး(အခွံနီ)

ကြက်သွန်ဖြူဥအရွယ်သေးပြီးအမွှာသေးသည်။ 

တရုတ်မျိုး

ကြက်သွန်ဖြူအရွယ်အစားကြီးပြီးအမွှာကြီးပါသည်။

မြေအမျိုးအစား

မြေအချဉ်အငံဓါတ်(၅.၅)မှ(၆.၀)ရှိသောမြေမျိုးကိုကြိုက်နှစ်သက်သည်။မြေအချဉ်အငံဓါတ်မြင့်မာသောမြေမျိုးကိုကြိုက်နှစ်သက်မှုမရှိပါ။

ရာသီဥတု

အပူအအေးသင့်တော်သောရာသီဥတုကိုကြိုက်နှစ်သက်သည်။နေ့တာရှည်ခြင်းသည်ဥဖြစ်ပေါ်မှုအားပေးသည်။အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက်အသင့်တော်ဆုံအပူချိန် (၁၈°‒၂၀°)စင်တီဂရိတ်တွင်ဖြစ်ထွန်းပြီးဥမှအညှောင့်ပေါက်ရန်အတွက်မြေတွင်းအပူချိန်(၂၂°‒၂၃°)စင်တီဂရိတ်လိုအပ်ပါသည်။(၂၇°)စင်တီဂရိတ်ထက်မြင့်ပါကအပင်ကြီးထွားမှုညံ့စေပါသည်။ကြက်သွန်ဥဖြစ်ပေါ်ရန်အပူချိန်(၅°‒၁၀°)စင်တီဂရိတ်တွင်အနည်းဆုံး(၁-၂)လရှိရန်လိုအပ်ပါသည်။ 

မျိုးနှုန်း

တစ်ဧကလျှင်ကြက်သွန်ဖြူဥပိဿာချိန်(၂၅၀‒၃၀၀)ခန့်လိုအပ်သည်။မျိုးဥအား အမွှာကြီးပြီးရောဂါကင်းသောမျိုးများကိုအသုံးပြုပါ။ 

မြေသြဇာနှုန်းထား

တစ်ဧကနှုန်းသဘာဝမြေသြဇာ       (၁၀-၂၀)တန်

ယူရီးယား   (၅၀)ကီလိုဝင် (၂)အိတ်

တီစူပါ       (၅၀)ကီလိုဝင် (၂)အိတ်

ပိုတက်ရှ်    (၅၀)ကီလိုဝင် (၁)အိတ်


စိုက်ပျိုးချိန်

အများအားဖြင့်(အောက်တိုဘာ‒နိုဝင်ဘာ)လတွင်စိုက်ပျိုး၍(ဖေဖော်ဝါရီ‒မတ်)လတွင်တူးဖော်ကြသည်။ 

မြေပြုပြင်ခြင်း

ထယ်ရေးနက်နက်နှင့်ထွန်ရေးညက်အောင်ထွန်ပြီးကြမ်းတုံးရိုက်၍ဘောင်ဖော်စိုက်ပျိုးလေ့ရှိပါသည်။မြေခံအဖြစ်ယူရီးယား(၁)အိတ်၊တီစူပါ(၂)အိတ်၊ပိုတက်ရှ်(၁)အိတ်ထည့်ပေးပြီးကျန်ယူရီးယား(၁)အိတ်ကိုကြားပေါင်းလိုက်ချိန်နှင့် ဥ စတင်ဆင်းချိန်တွင် ထည့်ပေးပါ။

စိုက်ပျိုးခြင်း

ဘောင်အမြင့်(၈)လက်မ၊အကျယ်(၃)ပေခန့်ထား၍ဘောင်ဖော်ပြီးတစ်တန်းနှင့်တစ် တန်း(၄)လက်မခွာ၍တစ်ပင်နှင့်တစ်ပင်(၂)လက်မခြား၍စိုက်ပျိုးပါသည်။စိုက်ပြီးဘောင်အ မြင့် နှင့်အညီရေပေးသွင်းရပါသည်။

အပင်ပြုစုခြင်း

ပေါင်းနှိမ်နင်းရေးလုပ်ငန်းသည်အထူးအရေးကြီးပါသည်။လက်ဖြင့်ပေါင်းနှိမ်နင်းလေ့ရှိပြီးစိုက်ပြီးတစ်ပတ်တစ်ကြိမ်ပေါင်းနှိမ်နင်းပေးရပါမည်။အပင်(၂)လသားအထိပေါင်းနှိမ်နင်းခြင်းကို ဂရုပြုဆောင်ရွက်ပေးရပါမည်။မြေအလွန်ကြပ်နေပါကနွားချေး၊မြေဆွေးထပ်မံထည့်ပေးရ မည်။  ကြက်သွန်ဖူးများကိုအပတ်စဉ်ချိုးပေးပါ။

ရေသွင်းခြင်း

သာမန်အားဖြင့်တစ်ပတ်လျှင်တစ်ကြိမ်ရေပေးသွင်းရမည်။ရာသီဥတုပူပြင်းပါက(၄‒၅)ရက် တစ်ကြိမ်ရေပေးသွင်းရမည်။ရေသွင်းချိန်(၈)ကြိမ်မှ(၁၀)ကြိမ်ထိလိုအပ်ပါသည်။အပင်(၂)လ သားအမြင့်(၁)ပေခွဲခန့်ရှိချိန်တွင်ရေသွင်းခြင်းကိုရပ် လိုက်ရပါမည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း

(က)သရစ်ပိုး

ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ကာကွယ်ပက်ဖျန်းပါ။ပိုးကျ ရောက်ပါကထိသေအာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးကိုဆေးဘူးတွင်ပါရှိသောအ ညွှန်းအတိုင်းသုံးစွဲပါ။ 

(ခ)ပျပိုး

ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုး ဖြင့် ပက်ဖျန်းကာကွယ်ပါ။ 

(ဂ)တောက်တဲ့မြီးရောဂါ

ရောဂါကင်းသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။မျိုးစေ့(၁)ကီလိုဂရမ်တွင်သိုင်ရမ်(Thiram)(၄)ဂရမ်နှုန်းဖြင့်ဆေးစီရင်ပါ။စိုက်ခင်းကိုရေသွင်းရေထုတ်ကောင်းအောင် ပြုလုပ်ပါ။ 

ရိတ်သိမ်းခြင်း

အပင်သက်တမ်းမှာ(၁၃၅‒၁၅၀)ရက်ရှိပါသည်။ပင်စည်နှင့်အရွက်(၁၅‒၂၅)ရာခိုင်နှုန်းခန့်ဝါလာလျှင်(သို့)ခြောက်လာလျှင်အပင်ကိုလက်ဖြင့်ဆွဲနုတ်၍သိမ်းယူနိုင်သည်။မျိုးအတွက်ထားပါကအပင်လိုက်လက်တစ်ဆုပ်စာခန့်စီး၍ဝါးတန်းပေါ်တွင်အခြောက်ခံထားပါ။နုတ်ယူပြီးသောအပင်များကိုအမြိတ်များဖြတ်တောက်၍နေ(၂)ရက်ခန့်လှန်းထားနိုင်ပါသည်။ 

အထွက်နှုန်း

တစ်ဧကပိဿာချိန်(၁၅၀၀)မှ(၃၀၀၀)ထိထွက်နိုင်သည်။နုတ်ယူပြီးသောကြက်သွန်ပင်များကိုအစည်းလေးများပြုလုပ်၍ ခြောက်သွေ့ သန့်စင်သောအခန်းတွင် လေသလပ်ခံ၍ သိမ်းဆည်းထားရပါမည်။စျေးကွက်သို့တင်ပို့ရောင်းချချိန်ရောက်မှအမြိတ်များကိုဖြတ်၍ ရောင်းချရပါမည်။ 

ကြက်သွန်ဖြူအထွက်နှုန်းတိုးစေရန်ဆောင်ရွက်ရမည့် အချက်များ

၁။ရေမြေဒေသအလိုက်ကိုက်ညီမှုရှိသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။

၂။မြေအချဉ်အငံဓါတ်(၅.၅မှ၆.၀)ရှိသောမြေတွင်ထယ်ရေးနက်နက်၊ညက်ညက်ထွန်၍ရေသွင်းရေထုတ် မြောင်းများစနစ်တကျဖော်ပြီးဆောင်ရွက်ပါ။

၃။ရောဂါကင်းသောမျိုး၊အမွှာကြီးသောမျိုးများရွေးချယ်ပြီးတစ်ဧကလျှင်မျိုးနှုန်း(၂၅၀-၃၀၀)ပိဿာအသုံးပြုပါ။

၄။ပင်ကြား၊တန်ကြား(၂×၄)လက်မ(သို့)(၄×၄)လက်မအကွာအဝေးဖြင့် တစ်ဧကလျှင် (၂၅၀၀၀၀ - ၂၇၀၀၀၀) ဝင်ဆံ့အောင် စိုက်ပျိုးပါ။

၅။တစ်ဧကလျှင်သဘာဝမြေသြဇာ(၁၀)တန်ယူရီးယား(၂)အိတ်၊တီစူပါ(၂)အိတ်၊ပိုတက်(၁) အိတ်နှုန်းထည့်ပါ။ 

၆။စိုက်ပြီး(၁)လအကြာတွင်ကြားပေါင်းလိုက်ပေးပါ။သီးနှံတစ်ရာသီလျှင် ကြားပေါင်း(၃)ကြိမ် လိုက်ပေးပါ။

၇။စိုက်ခင်း၌အစိုဓါတ်လုံလောက်မှုရှိစေရန်အမြဲဂရုပြုပါ။

၈။ပန်းမပွင့်မီကြက်သွန်ဖူးများကိုမဖြစ်မနေချိုးပေးပါ။

၉။ပိုးမွှားရောဂါကျရောက်ပါကသင့်တော်သောပိုးသတ်ဆေး၊မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းကာကွယ်နိုင်ပါသည်။ 

၁၀။အပင်သက်တမ်း(၄)လမှ(၅)လအကြာကြက်သွန်ဖြူပင်စည်နှင့်အရွက်(၁၅-၂၅) ရာခိုင်နှုန်းဝါလာလျှင်ရိတ်သိမ်းပါ။

၁၁။ကြက်သွန်ဖြူဥများနှုတ်သိမ်းရာတွင်မြေကြီးထဲ၌ ဥများမကျန်ခဲ့စေရန် သတိပြုပါ။ 

 














အခြားသတင်းများ
DRD Smart Village
Install App for Better Experience