ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့အစည်းများက အာဟာရဆိုင်ရာပံ့ပိုးမှုများအား အရှိန်မြှင့်တင်
2024-03-26
အသက် ၃၂ နှစ်အရွယ်ရှိ ဒေါ်ဘူးရှိန်က အသက် ၁၃နှစ်၊ ၁၂ နှစ်နဲ့ ၂ နှစ်အရွယ် သူ့ရဲ့ သားသမီးတွေကို အမြဲတမ်း ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခဲ့တယ်လို့ ထင်ခဲ့ပါတယ်။ သို့သော်လည်း သူ့အနေနဲ့ သူ့ရဲ့သားသမီးတွေအတွက် အကောင်းဆုံးဘဝစတင်မှုကို မပေးဖြစ်ခဲ့ဘူးဆိုတာ သတိမမူမိခဲ့ပါဘူး။ “ကျွန်မက ကလေးတွေကို ငိုတဲ့အခါမှပဲ နို့တိုက်ဖြစ်ခဲ့တယ်” လို့ မှတ်မှတ်ရရပြောပြပါတယ်။ “ကျွန်မတို့က သူတို့ကို ရေဘူးအဖုံးလေး ဒါမှမဟုတ် ရေစွတ်ထားတဲ့ ဂွမ်းဖတ်လေးနဲ့ ရေတိုက်လေ့ရှိတယ်။” ဒေါ်ဘူးရှိန်ရဲ့ အငယ်ဆုံးသမီးလေးဖြစ်တဲ့ ၂ နှစ်အရွယ် မိမိကို အမေနို့ဖြတ်ခဲ့တဲ့ အချိန်တုန်းကတောင် မိမိလေးရဲ့ အာဟာရလိုအပ်ချက်တွေနဲ့ပတ်သက်လို့ သူ သိပ်မသိခဲ့ပါဘူး။
အဲဒီနောက်မှာတော့ ပြီးခဲ့တဲ့နှစ်မှာ ဒေါ်ဘူးရှိန်ဆီကို မော်ကွမ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (Mawk Kon Local Development Organization (MKLDO)) က လုပ်အားပေးတစ်ဦးဖြစ်တဲ့ ဦးမောင်မောင် ရောက်ရှိလာခဲ့ပါတယ်။ ဦးမောင်မောင်ဟာ ကျိုင်းတုံမြို့နယ်ထဲက ရွာငယ်လေးတစ်ခုဖြစ်တဲ့ သူနေထိုင်ရာ တင်ထက်ရွာလေးနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အနီးဝန်းကျင်ဒေသမှာရှိကြတဲ့ ကလေးစောင့်ရှောက်သူတွေကို ယူနီဆက်က ပံ့ပိုးပေးထားတဲ့ အာဟာရစီမံချက်မှာ ပါဝင်ကြဖို့အတွက် တိုက်တွန်းဆော်ဩဖို့ တာဝန်ယူထားသူဖြစ်ပါတယ်။ “ကျွန်တော်က ဖခင်တစ်ယောက်ပါ။ ကျွန်တော့်ကလေးတွေကော၊ တခြားကလေးတွေကော သန်သန်စွမ်းစွမ်းနဲ့ ကြီးထွားဖွံ့ဖြိုးလာတာ မြင်ချင်ပါတယ်” လို့ သူက ဆိုပါတယ်။
ဦးမောင်မောင်လာရောက်ပြီးနောက်ပိုင်းမှာ ဒေါ်ဘူးရှိန်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ရွာက ဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ အာဟာရပညာပေးဆွေးနွေးပွဲတွေကို တက်ရောက်ဖြစ်ခဲ့ကြပါတယ်။ သူတို့ဟာ ဒီဆွေးနွေးပွဲတွေကနေ ဒေသထွက်ကုန်တွေကို အသုံးပြုပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ဘယ်လိုပြင်ဆင်ချက်ပြုတ်ရမလဲဆိုတာ သိရှိခဲ့ကြပါတယ်။ ဒေါ်ဘူးရှိန်က အရောင်နဲ့သတ်မှတ်ထားတဲ့ လက်မောင်းလုံးပတ်တိုင်း (MUAC) တိပ်ကို သုံးပြီး သူ့ကလေးတွေရဲ့ အာဟာရအခြေအနေကို ဘယ်လိုစောင့်ကြည့်ရမလဲဆိုတာကိုပါ သိရှိခဲ့ပါတယ်။ မိမိလေးက အာဟာရချို့တဲ့နိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် ဒေါ်ဘူးရှိန်ကို အသင့်သုံး ကုထုံးအစားအစာ(RUTF) ထုပ်တွေ ပံ့ပိုးပေးခဲ့ပါတယ်။ ဒေါ်ဘူးရှိန်က သမီး မိမိလေးကို ညွှန်ကြားထားတဲ့အတိုင်း တစ်ရက် တစ်ထုပ်နဲ့ ရက် ၃၀ တိုက်ကျွေးခဲ့ပါတယ်။

မိသားစုအတွက် အပိုဆောင်းအာဟာရပြည့် အစားအစာများ ချက်ပြုတ်ကျွေးမွေးနိုင်ဖို့ အိမ်နောက်ဖက်စိုက်ခင်းထဲမှာ အလုပ်လုပ်နေတဲ့ ဒေါ်ဘူးရှိန်။
MKLDO ရဲ့ ရပ်ရွာဖွံ့ဖြိုးရေးဆိုင်ရာ ပံ့ပိုးရေးမှူးတစ်ဦးဖြစ်တဲ့ မနန်းစီဖောင်းက ကလေးတွေရဲ့ကောင်းကျိုး တိုးတက်စေဖို့အတွက် ဦးမောင်မောင်လို ရပ်ရွာခေါင်းဆောင်တွေနဲ့ လက်တွဲလုပ်ကိုင်လျှက်ရှိပါတယ်။ “စားစရာတွေက ပေါများပေမယ့် ဒီအနီးတဝိုက်က ကလေးတွေက အာဟာရချို့တဲ့တာ၊ ဖွံ့ဖြိုးမှုနိမ့်နေတာတွေ ဖြစ်နေကြတယ်။ ဒါက မိဘတွေမှာ အာဟာရနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ မရှိကြလို့ဖြစ်ရတာပါ” လို့ သူက ထောက်ပြပါတယ်။ “ မိဘတွေက ကလေးတွေ ဗိုက်ပြည့်နေရင် သူတို့လိုအပ်တဲ့ အာဟာရတွေ အလုံအလောက်ရကြမှာပဲလို့ ထင်တတ်ကြတယ်။”
ဖခင်တွေကိုလည်း အာဟာရပညာပေးဆွေးနွေးပွဲတွေကို တက်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့လည်း “ ကျွန်မတို့ဆွေးနွေးပွဲတွေကို တက်ရောက်သူ အများစုက မိခင်တွေပါ။ တချို့ကတော့ အဒေါ်တို့ အဘွားတို့လို အုပ်ထိန်းသူတွေပေါ့” လို့ မနန်းစီဖောင်းက ပြောပါတယ်။ ဒါပေမဲ့ သင်တန်းလာတက်ကြတဲ့ အမျိုးသမီးတွေက လေ့လာဖို့ ‘သိပ်ကိုစိတ်အားထက်သန်ကြတယ်’ လို့ နန်းက ပြောပါတယ်။ “ သူတို့က သူတို့သိခဲ့တာတွေကို သူတို့ မိတ်ဆွေတွေကို ပြန်ပြီးမျှဝေပေးချင်ကြတယ်၊ ဒါကြောင့် သူတို့ကို ကျွန်မတို့ လက်ကမ်းစာစောင်တွေ ဝေပေးထားပါတယ်။ ကလေးတွေရဲ့ ဘဝတွေ ဖွံ့ဖြိုးအောင် ကူညီပေးရတဲ့အတွက် ကျွန်မသိပ်ဝမ်းသာတယ်။ ဒီမှာ စေတနာ့ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်လုပ်ရင်း သိလာခဲ့ရတာတွေ၊ ဒါတွေကို တခြားသူတွေကို ပြန်ပြီးမျှဝေပေးရတာတွေက ကျွန်မကိုလည်း ပြောင်းလဲလာစေပါတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။
ကလေးတွေရဲ့ အာဟာရနဲ့ပတ်သက်ပြီး ဖခင်တွေပါ ပါဝင်လာအောင် တိုက်တွန်းရတာ စိန်ခေါ်မှုတစ်ခုပါ။ MKLDO ရဲ့ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုစိုင်းက “ကျွန်တော့်သူငယ်ချင်းတွေက ပြောလေ့ရှိတယ်၊ မင်းဘာလို့ မိန်းမတွေလုပ်ရမယ့်အလုပ်ကို လုပ်နေတာလဲ။ ဒါက ယောက်ျားတွေ အလုပ်မဟုတ်ဘူးတဲ့။ ဒါပေမဲ့ ကျွန်တော်အမြဲပြောလေ့ရှိပါတယ်။ ကလေးတွေကို ဘာတွေကျွေးရမယ်၊ ဘယ်လိုကျွေးရမယ်ဆိုတာသိဖို့က အားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗဟုသုတပဲလို့” မှတ်ချက်ပြုပါတယ်။

ရွာထဲက မိခင်တွေနဲ့ စောင့်ရှောက်သူတွေကို နန်းစီဖောင်းက အဓိကအစာအုပ်စုလေးစုအကြောင်း ရှင်းပြစဉ်။
ခြောက်လကျော်ကာလအတွင်းမှာ MKLDO က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းခတ်နဲ့ မိုင်းယန်းမြို့တွေက ကျေးရွာပေါင်း ၅၀ ကျော်မှာရှိတဲ့ အသက် ၅ နှစ်အောက်ကလေးငယ် ၁,၅၀၀ နဲ့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၉၀၀ ကျော်နီးပါးကို ကူညီပေးနိုင်ခဲ့ပါတယ်။
၂၀၁၅-၂၀၁၆ လူဦးရေဖွားသေစာရင်းနှင့် ကျန်းမာရေးစစ်တမ်းအရ မူကြိုအရွယ်ကလေးငယ် ၃၀ ရာခိုင်နှုန်းနီးပါးမှာ ကြီးထွားနှုန်းတန့်နေတဲ့လက္ခဏာတွေ (အသက်နှင့်စာလျှင် ပုညှက်နေခြင်း) ကိုတွေ့နေရပါတယ်။ အသက် ၂ နှစ်အောက်ကလေးတစ်ယောက်က ကာလကြာရှည်စွာ အာဟာရအပြည့်အဝ မရရှိပါက အဆိုပါကလေးက ပြန်ပြီးပြောင်းလဲလို့မရနိုင်လောက်အောင် ရုပ်ပိုင်းဆိုင်ရာအရကော အသိဉာဏ်ဖွံ့ဖြိုးမှုပိုင်းအရပါ ဖွံ့ဖြိုးနှုန်း တန့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရနိုင်ပါတယ်။ နောက်ထပ် ကြီးမားတဲ့ စိုးရိမ်စရာတစ်ခုကတော့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သွေးအားနည်းရောဂါ အဖြစ်များတာပဲဖြစ်ပါတယ်။ ဒါက မိခင်အတွက်ကော၊ သူတို့ရဲ့ မမွေးဖွားသေးတဲ့ ကလေးအတွက်ပါ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်မိခင် ထက်ဝက်ကျော်ခန့်မှာ သွေးအားနည်းရောဂါ ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအပြင် ကိုဗစ်-၁၉ ရဲ့ ဆိုးရွားတဲ့အကျိုးဆက်နဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ လက်ရှိအကျပ်အတည်းတွေကြောင့် နိုင်ငံအတွင်း မြင့်မားတဲ့အာဟာရချို့တဲ့မှုပမာဏက ထပ်မံပြီး တိုးလာနိုင်ပါတယ်။
ဒီပြဿနာကို တုံ့ပြန်ဖြေရှင်းတဲ့အနေနဲ့ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ ဒေသတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာ အာဟာရဆိုင်ရာ ဝန်ဆောင်မှုတွေကို အရေးတကြီး အရှိန်မြှင့်ပံ့ပိုးပေးလျှက်ရှိပါတယ်။

ဒေါ်ဘူးရှိန်က သူ့ကလေးကို ဒေသထွက်ကုန်တွေ အသုံးပြုပြီး ပြင်ဆင်ထားတဲ့ အာဟာရပြည့်ဝတဲ့စားစရာများ ကျွေးမွေးစဉ်။
ဒီအတောအတွင်း ဒေါ်ဘူးရှိန်က အခုဆိုရင် သူ့မိသားစုက ကျန်းမာရေးနဲ့ညီညွတ်အောင် စားတတ်လာပြီလို့ ယုံကြည်တဲ့အကြောင်း ပြောပြပါတယ်။ “ ကျွန်မတို့သင်တန်းတွေကို တက်ခဲ့ကြတဲ့ တခြားသူတွေလိုပဲ ဒီအသိတွေကို လေ့လာဖို့အခွင့်အရေးရခဲ့တာ ကျွန်မသိပ်ဝမ်းသာတယ်။ အခုဆို ကျွန်မကလေးတွေအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုကို ကျကျနနပြင်တတ်ပြီ” လို့ ဒေါ်ဘူးရှိန်က ဆိုပါတယ်။ ဒါ့အပြင် သူ့သမီးငယ်လေး ပြောင်းလဲလာတာကိုလည်း သူတွေ့နေရပါပြီ။ “သူက ပိုပြီးသန်မာလာတယ်၊ ပိုပြီးလည်း တက်တက်ကြွကြွရှိလာတယ်၊ အရင်ကထက်ပိုပြီးလည်း ဆော့လာတယ်” လို့ ပြောပြပါတယ်။