အတားအဆီးများကို ဖြတ်ကျော်ခြင်း
2024-03-26
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း၊ ကလေးမြို့တွင် ဒေသတွင်း မိတ်ဖက်လက်တွဲမှုကြောင့် ကလေးများနှင့် အမျိုးသမီးများ ကာကွယ်ဆေးလက်လှမ်းမီလာပုံ
မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အရှိန်အဟုန်မြင့်လာတဲ့ ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ ကြုံတွေ့နေရတာကြောင့် ဘဝလုံခြုံမှုအာမခံမရှိကြတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ ကာကွယ်ဆေးထိုးနိုင်ဖို့အပါအဝင် အလွန်အရေးပါတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိနိုင်ဖို့ ပိုမိုခက်ခဲလာပါတယ်။ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွေ တစ်ခုပြီးတစ်ခု လွတ်သွားတဲ့ကလေးဦးရေ တစ်စတစ်စ တိုးပွားလာတာဟာလည်း သူတို့လေးတွေရဲ့ အနာဂတ်ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတွေ ကူးစက်ပြန့်ပွားလာမှာကိုလည်း စိုးရိမ်ရပါတယ်။ လက်ရှိအခြေအနေဟာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ရပ်ဆိုင်းခံထားရတဲ့ ဒေသက မိသားစုတွေ၊ အခြေခံ ကာကွယ်ဆေးထိုးနှံဖို့တောင် နီးစပ်ရာကျန်းမာရေးဌာနကိုသွားရောက်ဖို့ လမ်းစရိတ်အခက်အခဲရှိတဲ့ စစ်ဘေးရှောင်မိသားစုတွေအတွက် စိုးရိမ်ဖွယ်အခြေအနေတစ်ခုဖြစ်ပါတယ်။
ခက်ခဲလာတဲ့ အခြေအနေတွေကြောင့် ကာကွယ်ဆေး မထိုးလိုက်ရတဲ့ကလေးတွေ ကြုံရနိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်လျော့ပါးစေနိုင်ဖို့အတွက် ယူနီဆက်အနေနဲ့ အသစ်သစ်သောနည်းလမ်းတွေနဲ့လုပ်ဆောင်ချက်တွေကို အမြဲတစေ ရှာဖွေလျက်ရှိပါတယ်။
ယူနီဆက်ရဲ့ကြိုးစားအားထုတ်မှုတွေထဲမှာ ဒေသတွင်းမိသားစုတွေကို ထိထိရောက်ရောက် ချိတ်ဆက်ကူညီပေးနိုင်မယ့် ဒေသဆိုင်ရာအဖွဲ့စည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများလည်း ပါဝင်ပါတယ်။ အခုလိုအားထုတ်မှုတွေရှိလာတာကြောင့် သွားရေးလာရေးခက်ခဲတဲ့ ဝေးလံခေါင်ဖျားဒေသမှာနေထိုင်ကြတဲ့ ကလေးတွေဆီကိုပါ လိုအပ်တဲ့ ကျန်းမာရေးအကူအညီတွေကို ပိုမိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။
ဒေသတွင်းပဋိပက္ခများကိုခံစားရလေ့ရှိတဲ့ မြန်မာနိုင်ငံအနောက်မြောက်ဖက်မှာတည်ရှိတဲ့ ကလေးမြို့ဟာ ယူနီဆက်ရဲ့ ရပ်ရွာအခြေပြုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့နေရာများထဲမှ အချက်ချာကျမြို့တစ်မြို့ ဖြစ်ပါတယ်။ ဒေသတွင်းမှာရှိတဲ့ ထိခိုက်လွယ်၊ အားနည်းတဲ့ အစုအဖွဲ့တွေကို ကူညီတဲ့နေရာမှာလည်း ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူပူပေါင်းပြီး အမျိုးမျိုးသော စိန်ခေါ်မှုတွေကြားကနေ ကောင်းမွန်တဲ့ရလဒ်တွေကို ယခုချိန်မှာရရှိနေပြီဖြစ်ပါတယ်။ ကလေးမြို့ဟာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက အခြားမြို့ကြီးတွေလိုပဲ နိုင်ငံတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာတဲ့ လူဦးရေပေါင်း ထောင်ပေါင်းများစွာကို လက်ခံထားရတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။
ဧပြီ ၂၀၂၃ မှာ ယူနီဆက်ရဲ့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း—Expanded Programme on Immunization (EPI) က ကလေးမြို့မှာ ဒေသန္တရအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ထိခိုက်နာကျင်သူတွေအတွက်အစေခံများ—Servants of Vulnerable People (SVP) နဲ့ ပူးပေါင်းပြီး အဖက်ဖက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းကာ အသက်ငါးနှစ်အောက် ကလေးတွေနဲ့ နို့တိုက်မိခင်တွေကို စစ်ဘေးရှောင်စခန်းကနေ ၁၅ ကီလိုမီတာကျော်ကွာဝေးတဲ့ ကျန်းမာရေးဌာနမှာ ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် သွားရေးလာရေး အဆင်ပြေအောင် စီစဉ်ပေးခဲ့ပါတယ်။
ကာကွယ်ဆေးလစ်ဟင်းမှုတွေကို ပိုမိုလျော့နည်းစေဖို့အတွက် ကလေးမြို့နယ်တစ်ဝိုက်က ဝေးလံခေါင်ပါးတဲ့ ဒေသတွေမှာ ယူနီဆက်ဟာ SVP နဲ့ ပူးပေါင်းပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို ရှေ့ပြေးအစီအစဥ်အနေနဲ့ ဖော်ဆောင်ခဲ့ပါတယ်။ ဒီလိုရှေ့ပြေးအစီအစဥ်ကို အကောင်အထည်ဖော်တဲ့နေရာမှာလည်း ရပ်ရွာအစုအဖွဲ့အခြေပြုနည်းလမ်းတွေကိုသုံးပြီး ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလကြားမှာ ကနေဒါအစိုးရရဲ့ CanVax အစီအမံက ထောက်ပံ့မှုနဲ့ ဆောင်ရွက်ခဲ့တဲ့ ရှေ့ပြေးလုပ်ငန်းဟာ အမျိုးသမီးနဲ့ အသက်ငါးနှစ်အောက်ကလေး စုစုပေါင်း ၃၀၀ ခန့်ကို အသက်ကယ်ကာကွယ်ဆေးတွေ ထိုးနှံပေးနိုင်ခဲ့ပါတယ်။ ဒီကာကွယ်ဆေးထိုးနှံခြင်းဟာ တော်တော်များများအတွက် ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းဖြစ်တာကိုလည်း တွေ့ရပါတယ်။
“ဒါကကျွန်မဖို့တော့ အသက်ရှူပေါက်တစ်ခုလိုပါပဲ။ ကျွန်မကလေးတွေ နေရပ်စွန့်ခွာလာရပေမယ့် ကျန်းကျန်းမာမာကြီးပြင်းရဖို့ အခွင့်အရေးပိုရတာပေါ့” လို့ ဒေါ်နီနီကပြောပါတယ်။ သူမရဲ့ ငါးနှစ်အောက်ကလေးနှစ်ယောက်ကို ကာကွယ်ဆေးလာရောက်ထိုးနှံတာဖြစ်ပြီး သူ့ကလေးအငယ်လေးဆိုရင် မွေးကတည်းက အခုမှ ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးရတာပါ။ မီးဖွားဖို့ သုံးလလောက်သာလိုတော့တဲ့ ဒေါ်ကံကောင်းအဖို့တော့ သူ့နေရပ်က ကျေးရွာကျန်းမာရေးဌာနလေးပိတ်သွားတဲ့အတွက်ကြောင့် ကာကွယ်ဆေးထိုးရမယ့်အစီအစဉ်တွေ အကုန်လွတ်ကုန်ပါတယ်။ “ကျေးရွာကျန်းမာရေးဌာနလေးမရှိတော့တဲ့အခါကျတော့ ပုဂ္ဂလိကဆေးခန်းတွေမှာ သွားထိုးဖို့ပိုက်ဆံရော၊ မြို့ပေါ်ကကျန်းမာရေးဌာနတွေမှာ သွားပြဖို့ လမ်းစရိတ်ကိုရော မတတ်နိုင်ဘူးလေ။ ဒီထောက်ပံ့မှုကြောင့် အရေးကြီးတဲ့ ကာကွယ်ဆေးတွေထိုးဖို့ လွတ်သွားခဲ့တဲ့ ကျွန်မအတွက်ရော၊ မွေးလာမယ့် ကျွန်မကလေးအတွက်ကိုပါ မျှော်လင့်ချက်တွေ ပြန်ရှိလာတယ်” ဆိုတဲ့စကားသံကိုလည်း ကြားခဲ့ရပါတယ်။

အသက် ၂၀ အရွယ် နန်းဝေဟာ ကြမ်းတမ်းတဲ့ ရာသီဥတုနဲ့ တင်းကြပ်တဲ့ စစ်ဆေးရေးဂိတ်တွေကို အံတုရင်း ၆ ကီလိုမီတာခန့် လမ်းကြမ်းကို ခြေလျင်လျှောက်ခဲ့ဖူးပါတယ်။ သူမရဲ့ တစ်နှစ်အရွယ်သားလေးကို ကာကွယ်ဆေးထိုးပေးဖို့ အနီးစပ်ဆုံးဖြစ်တဲ့ ကလေးမြို့ပေါ်က ကျန်းမာရေးစောင့်ရှောက်မှုဌာနဆီ သွားခဲ့ရတုန်းကပေါ့။ ယခုအချိန်မှာတော့ SVP-UNICEF ရှေ့ပြေးစမ်းသပ်အစီအစဉ်တစ်ရပ်ရဲ့ သွားရေးလာရေးအကူအညီ၊ ကာကွယ်ဆေးကိုပိုမိုလက်လှမ်းမီအောင် ထောက်ပံ့ပေးမှုတွေကြောင့် နန်းဝေဟာ သူမရဲ့ သားလေး နောက်ထပ် ကာကွယ်ဆေးထိုးမယ့် ရက်ချိန်းကို အသစ်သစ်သော မျှော်လင့်ချက်တွေနဲ့ စိတ်အေးလက်အေး စောင့်ဆိုင်းနိုင်ပြီဖြစ်ပါတယ်။
အနီးစပ်ဆုံးမြို့က ကျန်းမာရေးဌာနကို သူ့ရဲ့ တစ်နှစ်သမီးလေး ဆေးခန်းပြနိုင်ဖို့ ၆ ကီလိုမီတာလောက် ခရီးကြမ်းကို ခြေလျင်လျောက်သွားနေခဲ့ရတဲ့ နန်းဝေတင်အဖို့တော့ သွားရေးလာရေးထောက်ပံ့မှုဟာ သူ့အတွက်တော့ အကျိုးများစွာရှိတဲ့ အထောက်အပံ့တစ်ခုဖြစ်ပါတယ်။ “ခြစ်ခြစ်တောက်ပူနေတဲ့ နေပူကြီးထဲမှာ ကျွန်မသမီးကို ကျောမှာပိုးပြီး၊ တစ်ခါတစ်လေ နေတောင် မကောင်းတဲ့အချိန်မှာ ခြေလျင်သွားရတာက အရမ်းကို ဒုက္ခရောက်ခဲ့ရတယ်။ လမ်းမှာ စစ်ဆေးရေးဂိတ်တွေ အဆင့်ဆင့်ဖြတ်ရတော့ ပိုလို့တောင်ဆိုးသေးတယ်” လို့ ထပ်တိုးပြောပါတယ်။ နန်းဝေရဲ့ အမျိုးသားဟာ ကာယလုပ်သားတစ်ဦးအနေနဲ့ စားဝတ်နေရေးကိုတောင် အနိုင်နိုင်ပြည့်စုံအောင်လုပ်နေရတာမလို့ သူတို့မှာ ငွေပိုငွေလျှံလည်း မရှိသလောက်ပဲမလို့ လမ်းစရိတ်တတ်နိုင်ဖို့ဆိုတာကတော့ ဝေလာဝေးပါပဲ။ “စားဖို့တောင် မနည်းလုပ်ရတာဆိုတော့ လမ်းစရိတ်တွေကို ဘယ်လိုမှ မတတ်နိုင်ပါဘူး” လို့ နန်းဝေက ပြောပါတယ်။ ဒီအထောက်အပံ့တွေဟာ နန်းဝေတို့လို အားနည်းထိခိုက်လွယ်တဲ့ မိသားစုတွေအဖို့တော့ အဆင်ပြေတယ်ဆိုတာထက်ကို ပိုပါတယ်။ မဖြစ်သင့်တဲ့ ပင်ပန်းဆင်းရဲခြင်းတွေမပါဘဲ လိုအပ်နေတဲ့ ကာကွယ်ဆေးတွေကို လက်တစ်ကမ်းအကွာမှာရနိုင်တဲ့ အသက်သွေးကြောတစ်ခုလို့ပြောရင်လည်း မှားမယ်မထင်ပါဘူး။ “အခုဆိုရင် ကျွန်မကလေး ကာကွယ်ဆေးထိုးဖို့ရက်ကို ကျွန်မ မျှော်တောင်မျှော်နေပြီ။ အရင်လို ဆိုးရွားတဲ့ ရာသီဥတုကို အံတုပြီး ခြေလျင်လျှောက်ရတဲ့ ဒုက္ခတွေကို ခံစရာမလိုတော့ဘူးလေ” လို့ နန်းဝေက ပြောပါတယ်။
ရှေ့ပြေးအစီအစဥ်ရဲ့ နောက်ကဏ္ဍတစ်ခုကတော့ ပဋိပက္ခဒဏ်နှင့်အတူ ချို့တဲ့ခြင်းကိုပါ ခံစားနေရတဲ့ အင်အားနည်း အသိုက်အဝန်းတွေအတွက် ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ထပ်မံတိုးချဲ့သွားဖို့ဖြစ်ပါတယ်။ ဒီလိုတိုးချဲ့ရာတဲ့နေရာမှာ ယူနီဆက်ဟာ SVP နဲ့အတူတူ ပူးပေါင်းဆောင်ရွက်ရုံတင်မက ဒေသအတွင်းက ရှိနှင့်ပြီးသား လူမှုကွန်ရက်တွေကိုလည်း အသုံးချသွားမှာဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်ကစပြီး ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ဆက်လက်ဖြစ်ပွားနေဆဲ ပဋိပက္ခများရဲ့ ပယောဂကြောင့် ပုံမှန်ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းများဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ထိုးဆင်းသွားခဲ့ရပြီး လူတော်တော်များများ (အထူးသဖြင့် ကလေးသူငယ်တွေ) ရဲ့ အနာဂတ်ကျန်းမာရေး အာမခံချက် ကင်းမဲ့နေရပါတယ်။ ဆက်လက်ဖြစ်ပေါ်နေဆဲ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ဒေသတော်တော်များများကို ကာကွယ်ဆေးထိုးလုပ်ငန်းများ လက်လှမ်းမမီနိုင်တော့တဲ့အခါ ဒီလိုမျိုး ဒေသန္တရအဖွဲ့အစည်းတွေနဲ့ မိတ်ဖွဲ့ဆောင်ရွက်ခြင်းတွေဟာ အင်မတန် အရေးပါလှပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေကပဲ အသက်ကယ်အကူအညီပေးမှုတွေကို ရေရှည်တည်တံ့စေနိုင်တဲ့အပြင် တဖြည်းဖြည်း ပိုမိုတိုးချဲ့လာနိုင်မှာဖြစ်ပြီး နေရာဒေသမရွေးမှာနေထိုင်ကြတဲ့ ကလေးသူငယ်တိုင်းရဲ့ အနာဂတ် လှပဖို့အတွက် အခွင့်အရေးကောင်းတွေရရှိနိုင်မှာဖြစ်ပါတယ်။
ကနေဒါအစိုးရမှ ရန်ပုံငွေထောက်ပံ့ခြင်းအစီအမံဖြစ်တဲ့ CanVax Facility ရဲ့ထောက်ပံ့မှုကြောင့် ကျေးလက်ကျန်းမာရေးဌာနတွေနဲ့ အအေးထိန်းသယ်ယူပို့ဆောင်ရေးစနစ်သုံး သိုလှောင်ရုံတွေကိုလည်း နေရောင်ခြည်စွမ်းအင်အသုံးပြုနိုင်အောင် ပံ့ပိုးပေးနိုင်ပါပြီ။ အလှူရှင်ထောက်ပံ့မှုတွေဟာ ဒေသတွင်းအခြေခံ ရပ်ရွာအခြေပြုလုပ်ငန်းဆောင်ရွက်ခြင်းတွေကို ဆက်လက်အားကောင်းလာစေပြီး ပဋိပက္ခအဖြစ်များဆုံးဒေသတွေအတွက် ကာကွယ်ဆေးရရှိဖို့ နောက်ဆုံးအားကိုးရာ ဖြစ်လို့လာခဲ့ပါပြီ။