
ကော့သောင်းမြို့နယ် ၁၅မိုင်ကျေးရွာ ၌ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု စစ်ဆေး
2025-02-24
ကော့သောင်း၊ ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄- ၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ၁၅မိုင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ရွေ့လျား ရေသန့်စင်စနစ်လုပ်ငန်းဆောင်ရွက်ခြင်း၊ လက်တူးတွင်းမွမ်းမံခြင်းလုပ်ငန်းနှင့်ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဝင်း၊ ကော့သောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်မြယမုံဖူးနှင့် (VDP) စီမံကိန်းတာဝန်ခံဝန်ထမ်းများက ၂၀၂၄-၂၀၂၅ခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ် ၁၅သန်းဖြင့် ၁၅မိုင် ကျေးရွာတွင် ရွေ့လျားရေသန့်စင်စနစ်လုပ်ငန်း 1Unit အတွက် ငွေကျပ် ၁ဒသမ၀၂သန်း၊ လက်တူးတွင်းမွမ်းမံခြင်းလုပ်ငန်းအတွက် ငွေကျပ်သုညဒသမ ၆၈သန်း၊ အရှည် ၁၆၀ပေ၊အကျယ် ၁၂ ပေ၊ အမြင့်ရှစ်လက်မထုအတိုင်းအတာရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအတွက် ငွေကျပ် ၁၃ဒသမ၃သန်း၊ စုစုပေါင်းVDP စီမံကိန်းရန်ပုံငွေကျပ် ၁၅သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုများဖြင့်ကျေးရွာနေပြည်သူလူထုကိုယ်တိုင် ဩဂုတ်လစတုတ္ထပတ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးခရိုင်ဦးစီးမှူးဒေါ်စန္ဒာဝင်းက ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့ခိုင်မြဲစေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် ဘန်းကချွန်ကျေးရွာအုပ်စု၊ ၁၅မိုင်ကျေးရွာရှိ အိမ်ခြေ ၅၉အိမ်၊လူဦးရေ ၃၂၅ဦးတို့အတွက် သန့်ရှင်းသောသောက်သုံးရေကို ရရှိတော့မည်ဖြစ်ကြောင်း၊ ရာသီမရွေးသွားလာရလွယ်ကူလာမည်ဖြစ်ပြီးလူမှုရေး၊ကျန်းမာရေးနှင့်စီးပွားရေးလုပ်ငန်းများတွင်လည်း အကျိုးပြုသွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်မြယမုံဖူးကပြောပြ၍ သိရသည်။
နွဲ့ယဥ်