သတင်း

တစ်ဧက ငါးဘယ်လောက်နှုန်းထည့်မလဲ - ၂ (ငါးထည့်နှုန်းများသွားရင် ဘာတွေဖြစ်မလဲ)

2024-05-29

#ငါးထည့်နှုန်းများသွားတဲ့ပြဿနာဟာ ဘယ်လောက်ထိ အန္တရာယ်များသလဲ..

#ဒီပြဿနာကို လက်ရှိကြုံနေရပီဆိုရင် ဘယ်လိုဖြေရှင်းရမလဲ?...

ဖြေရှင်းနည်းကတော့ခက်ခက်ခဲခဲမဟုတ်ဘူးရှင့်..

ငါးကျပ်နေရင် ငါးချဲထုတ်မှကို ရမှာပါ။ ငါးတွေကျပ်ပြီး ​သေနေတယ်.. ဒါမှမဟုတ် မကြီးဘူးဆိုရင် လုပ်ရမယ့်နည်းက တစ်နည်းပဲရှိပါတယ်။ 

အပိုင်း(၁)မှာပြောခဲ့သလို တွက်ကြည့်ပါ။ ပိုနေတဲ့အကောင်ရေတွေကို တစ်ဝက်ဆွဲထုတ်ပီး ပိုချောင်တဲ့ကန် ဒါမှမဟုတ် ကန်အပိုရှိရင် ခွဲမွေးလိုက်ပါ။

ရောင်းလို့ရတဲ့ size (အရွယ်အနေအထား)၊ စျေးလေးလည်းမဆိုးဘူးဆိုရင် ရောင်းထုတ်လိုက်ပါ။

ကိုယ်စျေးကွက်ထဲပို့ချင်တဲ့ size မဟုတ်ရင်တောင် သုံးချိုးတစ်ချိုး/ တစ်ဝက်ဆွဲထုတ်ရောင်းလိုက်ပြီး အစာဖိုးပြန်ရပြီးမှ ကျန်တဲ့ငါးကို အကြီးဆက်မွေး

အဲ့လိုလုပ်တာက... အသင့်တော်ဆုံးဖြေရှင်းနည်းပါပဲ။

အရမ်းမကျပ်ဘူး။ အနည်းငယ်ပဲများနေတာမျိုး ဒါမှမဟုတ် တဝက်ဆွဲထုတ်ဖို့ကိုတောင် size လေး နည်းနည်းလိုနေတာဆိုရင်တော့..

၁။ အောက်ဆီဂျင်ရအောင် ရေမောင်းပေးတာမျိုး (ရေမောင်းတဲ့နေရာမှာ သတိထားရမယ့်အချက်တွေကို သီးသန့်ဖော်ပြပေးသွားပါ့မယ်)

၂။ အစာလေးထိန်းပြီးကျွေးတာမျိုး၊ ပရိုတိန်းမြင့်တဲ့အစာလေးပြောင်းကျွေးပြီး size လေးဝင်သွားအောင် လုပြီးမှ တစ်ဝက်ချဲထုတ်ပစ်လိုက်ပါ။

ဘယ်လိုဖြစ်ဖြစ် ငါးက ဝိတ်အတက်ထိုင်းနေပြီဆိုရင်တော့ မဖြစ်မနေ ချဲထုတ်ရမှာပါနော်။ ခုအပေါ်ကနှစ်ချက်က ငါးစျေးကတော်တော်အဆင်မပြေတာ ဒါမှမဟုတ် အသေး size ကိုတောင် မီဖို့နည်းနည်းလိုနေတာမျိုး အရေးပေါ်အခြေအနေမှာသုံးဖို့ပဲ ပြောပြပေးတာပါ။

အောက်ဆီဂျင်ရအောင် ရေမောင်းတာကလည်း ကန်ကျယ်ရင် အနည်းအကျဉ်းလောက်ပဲ အထောက်အကူဖြစ်ပါလိမ့်မယ်။

နောက်ပြီး ကျမတို့တွေ လွဲနေတဲ့တစ်ချက်ရှိပါတယ်။

စိုးရိမ်စိတ်လွန်ကြတာပါ။ ကိုယ့်ထည့်သလောက် အကောင်ရေမတင်မှာစိုးရိမ်ပြီး ပိုထည့်မိကြပါတယ်။

တကယ်က ပိုထည့်တဲ့အတွက်ကို ငါးတွေကျပ်ပြီး ပိုပျောက်ကုန်ရတာပါ။

စိုးရိမ်လို့ရပါတယ်။ ပိုထည့်လို့လည်းရပါတယ်။

အနည်းအကျဉ်းလောက်ပဲ ပိုထည့်ချင်ထည့်ပါ။ တော်တော်များများက မျိုးငါးလေးတွေထည့်ရင် အကောင်ရေ ၃၀၀၀၀ ထည့်မယ်ဆို ၃၅၀၀၀ လောက်ပိုထည့်ကြပါတယ်။

အပိုင်း ၁ မှာ ပြောခဲ့တဲ့တွက်နည်းနဲ့မဟုတ်ဘဲ...

အကောင်ရေနဲ့ထည့်ကြလို့ size ကြီးထုတ်တဲ့သူတွေဟာ Auto ငါးကျပ်ကျပ်ထည့်မိကြပါတယ်။ အဲ့ဒါအပြင်ကိုမှ အကောင်ရေ ၅၀၀၀ လောက် ပိုထည့်လိုက်ပါသေးတယ်။

ပြီးတော့ တခြားငါးကြင်း/ငါးခေါင်းပွတွေလည်း ထည့်သေးတယ်။ သူ့ဖာသာသူ ရေနဲ့ပါလာပြီး ဝင်လာတဲ့ ငါးရိုင်းက ရှိသေးတယ်။ ငါးမကျပ်ဘဲ နေပါတော့မလား။

အဲ့ဒါကြောင့်လေ၊ ကျမတို့တွေရဲ့စိုးရိမ်စိတ်ကြောင့်..

ကန်ပိုင်ရှင်အနေနဲ့ဖြစ်ဖြစ်၊ ကန်ဦးစီးတွေ ကန်လုပ်သားတွေအနေနဲ့ပဲဖြစ်ဖြစ် မှားတတ်ကြတဲ့စေတနာအမှားလေးတွေကို ​နည်းနည်းပြင်ဆင်​ကြရပါမယ်ရှင်။

ခုပြောပြခဲ့တဲ့ ဒီအချက်လေးတွေကို လိုက်နာလိုက်ရုံနဲ့ ရာသီဥတုဆိုးတိုင်း ငါးသေတာမျိုးတွေ အထိုက်အလျောက် လျှော့ချနိုင်ပါတယ်။ ကြီးထွားနှုန်းအနေနဲ့လည်း ထိုက်သင့်သလောက်ကြီးပြီး လိုချင်တဲ့ အရွယ်အစား၊ ဈေးကွက်ဝင်တဲ့အရွယ်အစားကို အချိန်တိုတိုနဲ့ ရောက်လာပါလိမ့်မယ်။ 

စျေးကွက်ဝင်တဲ့ size ရောက်ဖို့ ကာလတိုလာတဲ့အခါ အနည်းဆုံးသာမန်ပဲတွေးကြည့်ရင်တောင်...

ငွေအရမ်းမအောင်းရဘဲ ငွေလည်လာမယ်၊ ကျမတို့ငွေကြေးအရင်းအနှီးအတွက် သူများဆီကငွေယူထားရ ရင်တောင် အတိုးနှုန်းတွေသက်သာလာပါလိမ့်မယ်။ တကယ်ကို အကျိုးရှိတဲ့အချက်အဖြစ် လိုက်နာစေချင်ပါတယ်။ စိုးရိမ်စိတ်လေးတွေ လျှော့စေချင်ပါတယ်ရှင့်။

ငါးမွေးတောင်သူအားလုံးအဆင်ပြေကြပါစေရှင်။

(Sharing by Dr.AQUAs FB page မှ ကူးယူဖော်ပြပါသည်)

အခြားသတင်းများ